ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ အရှည်(၁၅၀)ပေ ခေါပုတ်ချောင်းကူး တံတားတည်ဆောက် ရန် ပန္နက်ရိုက် အခမ်းအနားပြုလုပ်

ဗန်းမောက် ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဗန်းမောက်-ပန်းတောလမ်းပေါ်ရှိ အရှည် (၁၅၀)ပေ နောင်မဲ့လုံကျေးရွာနှင့် လေးသီ ကျေးရွာကြား ခေါပုတ်ချောင်းကူးတံတား နှစ်လွှာတစ်ထပ်ဘေလီတံတား တည်ဆောက်နိုင်ရန် အတွက် ပန္နက်ရိုက် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခေါပုတ်ချောင်းမှာ မိုးတွင်းကာလတွင် တောင်ကျရေများကြောင့် ရေကြီးခြင်း ဖြစ်ပေါ် လာပါက မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရန် အခက်အခဲများစွာတွေ့ကြုံရပြီး ဆိုင်ကယ် များကူးရန်သာ အဆင်ပြေခဲ့သဖြင့် တံတားကြီး တည်ဆောက်ပြီးစီးသွားပါက တန်(၃၀) အထိ ခံနိုင်ဝန်အားရှိမည်ဖြစ်ကြောင်း နွေ၊ မိုး၊ ဆောင်းရာသီမရွေး ဖြတ်သန်းသွားနိုင်မည့်အပြင် အဆိုပါ တံတားပြီးစီးသွားပါက ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများ အတွက် လူမှုရေး၊ ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေမည့်အပြင် မြို့နယ် ချင်းဆက်စပ်လျက်ရှိသည့် မိုးညှင်းမြို့နယ်နှင့် အင်းတော်မြို့နယ်သို့ အချိန်တိုအတွင်း ကုန်စည်စီးဆင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူးမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းထံမှ သိရသည်။

ပန္နက်ရိုက်အခမ်းအနားတွင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအေးမင်း၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်ထားသော နေရာများ၌ ပန္နက်ရိုက်မင်္ဂလာ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တံတားချဉ်းကပ်လမ်းအတွက် မြေနေရာများ လိုက်လံကြည့်ရှုစစ်ဆေးပေးခဲ့ကြသည်။

ဗန်းမောက်-ပန်းတောလမ်းပိုင်းပေါ်ရှိ နောင်မဲ့လုံကျေးရွာနှင့် လေးသီကျေးရွာကြား ခေါပုတ် ချောင်းတံတားအရှည်ပေ(၁၅၀)၊ အကျယ်(၁၄)ပေ၊ ဘေလီတံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာ‌ရေးနှစ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (ပြည်ထောင်စု) ရန်ပုံငွေ ကျပ်(၃၄၂ ဒသမ ၀၀၀) သန်းဖြင့် တင်ဒါအောင်မြင်သည့် သမာဓိကောင်းသာ ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)