တိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀၂၆ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂ဝ၂၅-၂၀၂၆ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်သော ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေး၍ ဖျော်ဖြေရေးအဖွဲ့များအားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

အဆိုပါလမ်းသည်   ၂ဝ၂၅ - ၂ဝ၂၆ခု၊ ဘဏ္ဍာရေးနှစ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူထည့်ဝင်ငွေတို့ဖြင့်ဆောင်ရွက်ခဲ့သည့်လမ်းဖြစ်ပြီး လမ်းအရှည် ၃၃၅ပေ၊ လမ်းအရှည် ၃၃၅ပေ၊ လမ်းအကျယ် ၁၂ပေနှင့် ထု ၆ လက်မ ရှိကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်သည့် ဆီထွက်သီးနှံ(နေကြာ၊ ပဲပုပ်)မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဟုခေါ်ရလောက်အောင် မိုးစပါးနွေစပါး(၅၂)သိန်းကျော် စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံဇုန်ကြီးနှစ်ဇုန်အား ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင် သတ်မှတ်အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံများအချိန်မီ‌စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ပန်းတိုင်အထွက်နှုန်းရရှိရန်နှင့် ကြဲခင်းစနစ်များပပျောက်ရန်အတွက် မျိုးစေ့ချကိရိယာ(Drum Seeder)များ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီဖူလုံ‌ရေးအတွက်သက်ဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူများအားလုံးကဝိုင်းဝန်း၍ အချိန်မီစိုက်ပျိုးပေးစေလိုကြောင်း” မှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တောင်သူများအား ဆီထွက်သီးနှံနေကြာ၊ ပဲပုပ်မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)