ပဲခူးမြို့နယ်တွင် ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပ

ပဲခူး နိုဝင်ဘာ ၁၆

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွေ့ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံ လွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲအား (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည့် ယမန်နေ့ညပိုင်းအချိန်က ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အထိမ်းအမှတ်အရုပ်များ၊ သင်္ကေတများ၊ စာတမ်းများပါရှိသည့် စိန်နားပန်မီးပုံးကြီးများနှင့် ရောင်စုံမီးပုံးပျံအသေးများ လွှတ်တင်ပူဇော်နေမှု၊ မီးရှူး မီးပန်းများ ပစ်ဖောက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။      

ထို့နောက် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့သည် နိုင်ငံကျော် အဆိုတော်/ သရုပ်ဆောင်များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုအား ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး တန်ဆောင်တိုင်ပွဲတော်  ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)