တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဘုတ်ပြင်းမြို့တွင် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ဘုတ်ပြင်း နိုဝင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေ(၃)နာရီအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ဘုတ်ပြင်းမြို့ မောင်လေးဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီး ဟိုတယ်အတွင်း သတိပေးခြင်း၊ မီးလောင်မှုအားအချက်ပေးခြင်း၊ တည်းခိုနေထိုင်သူများ သတ်မှတ်လမ်းကြောင်းအတိုင်း ဘေးလွတ်ရာသို့ထွက်ခွာခြင်း၊  ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ အထပ်မြင့်ပိတ်မိလူများအား လှေကား၊ လူနာထမ်းစင်၊ အသက်ကယ်ကြိုး၊ လုံခြုံရေးသိုင်းကြိုး၊ စက်သီးနှင့် Jumping Sheet အသုံးပြု၍ ဘေးလွတ်ရာသို့ကယ်ထုတ်ခြင်း Fire Point နေရာအား ပိုက်နှစ်တန်းနည်းစနစ်ဖြင့် 3D Nozzle အသုံးပြု၍  မီးငြှိမ်းသတ်ခြင်း၊ ဟိုတယ် တည်းခို ကျန်ရှိ/ ပျောက်ဆုံးသူများ ရှိ/မရှိကို စာရင်းကောက်ယူစိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့်ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို တားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းအောင်နှင့် ဘေးဒဏ်ကိုရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝကိုကြိုတင်လေ့လာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်မည်ဖြစ်ပြီး နယ်ပယ်ကဏ္ဍစုံက တစ်ဦးတစ်ယောက်ချင်းစီတွင် သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာများပြည့်ဝစွာဖြင့် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကိုဗဟိုပြု အကာအကွယ်ပေး ချဉ်းကပ်မှုနည်းလမ်းများကိုအသုံးပြုပြီး ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးကျရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် ဇာတ်တိုက်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ပရိယတ္တိစာသင်တိုက်နှင့် ရွှေဘုံသာရပ်ကွက်ရှိ အောင်မေတ္တာတောရကမ္မဋ္ဌာန်းကျောင်းသို့သွားရောက်၍ ဆရာတော်သံဃာတော်များထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)