လွိုင်ကော် နိုဝင်ဘာ ၁၆
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် လွိုင်ကော်မြို့၊ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီး ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ အိမ်ဆောက်ပစ္စည်းများ၊ ထောက်ပံ့ငွေများပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်၊ ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်ကကန်နှင့် ကန်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မြေလွတ်နေရာများ၌ မြေယာရှုခင်းပန်းအလှပင် များစိုက်ပျိုးရန်၊ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်အနားယူအပန်းဖြေနိုင်ရေး သန့်ရှင်းသာယာရေးမပြတ်ဆောင်ရွက်ပေးရန်၊ ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ကိုယ်ကာယလေ့ကျင့်ခန်း Outdoor Fitness ပစ္စည်းများကို နေ့စဉ်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးရန်နှင့် ကန်ပတ်ဝန်းကျင်တွင် အမှိုက်များစနစ်တကျ စွန့်ပစ်နိုင်ရေး အမှိုက်ပုံးများ လုံလောက်စွာထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ကျေးရွာအုပ်စု၊ ဒေါပိုးစီကျေးရွာသို့ရောက်ရှိပြီး သာသနာ့ရံသီ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်နေထိုင်ကြသူများ၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အမြန်ပြန်လည် လုပ်ကိုင်နိုင်ရေး လိုအပ်သည့်မျိုး၊ မြေသြဇာ၊ စိုက်ပျိုးရေနှင့် မတည်ချေးငွေများ ရရှိအောင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ မိမိတို့ရပ်ရွာအား ယခင်ကဲ့သို့ စည်ပင်သာယာဖွံ့ဖြိုး လာအောင် ကျေးရွာနေ ပြည်သူများကိုယ်တိုင်ကလည်း ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန်များကို တင်ပြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်များကို အသီးသီးတင်ပြကြရာ သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့်အခြေအနေများအား ပြန်လည်ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေါပိုးစီကျေးရွာမှ နေအိမ်ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေနှင့် သွပ်များပေးအပ်ရာ ကျေးရွာ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။ ဆက်လက်၍ ဒေသကွပ်ကဲရေးမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွပ်၊ စောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို အသီးသီးပေးအပ်ရာ ကျေးရွာကိုယ်စားလှယ်များက လက်ခံရယူကြပြီး ကျေးရွာနေပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)