ဘားအံမြို့ နိုဝင်ဘာ ၁၄
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည်ကျော်(၁၀)ရက်၊ ၂၀၂၅ ခုနှစ်၊ ယနေ့တွင် ကျရောက်သည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကောင်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဖတ်ကြားသည်။
ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားပြီး ခင်းကျင်းပြသထားသည့် ဆုရစာစီစာကုံး၊ ကဗျာနှင့် ပန်းချီများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)