ကြို့ပင်ကောက် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့တွင် အ.ထ.က(ကြို့ပင်ကောက်) အမျိုးသား အောင်ပွဲနေ့အခမ်းအနားအပြီးတွင် ဆက်လက်ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲနိုင်စိုးက မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပမည့်ပုံစံနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ မဲပေးသည့်ပုံစံ (MEVM) နှင့် ရွေးကောက်ပွဲကျင်းပမည့်ပုံစံ (အပိုင်းလိုက်)တို့ကို ရှင်းလင်းပြောကြားပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်း သိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားမိဘများအား မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ပြန်ဆက်)