ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (အင်းလပ်အရှေ့)တွင် ဗဟုသုတတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကြံခင်း နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းကျောင်း(အင်းလပ်အရှေ့)တွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်၊ ဗလငါးတန်ပြည့်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(အင်းလပ်အရှေ့) ကျောင်းအုပ်ဆရာကြီး ဦးစောသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်အတွက် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေမှုများအား  ပြောကြားခဲ့ပြီး​နောက် “စာဖတ်ခြင်း၏ အကျိုးဇူး” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက်  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်နွေးက “လူငယ်နှင့် အားကစား” ခေါင်းစဉ်ဖြင့်ပြောပြီး၊ ကျောင်းသား၊ ကျောင်းသူများအား လူအများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အထဖြစ်စေရန် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး၊ ဝင်ရောက်ယှဉ်ပြိုင်ကြသူများအား မြို့နယ်ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)