ပွင့်ဖြူ နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက မုန်းမြင့်ကျေးရွာအုပ်စု၊ သမော်အင်းကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ချေးငွေထုတ်ချေးပေးရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း၏ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ် သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သမော်အင်းကျေးရွာရှိ ဆီထွက်သီးနှံနေကြာစိုက်ပျိုးသော အသင်းသား၊ အသင်းသူ ၃၅ ဦးကို စတုတ္ထအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေကျပ် ၁၀ ဒသမ ၈ သန်းထုတ်ချေးပေးခဲ့ကြောင်း ဒုတိယဦးစီးမှူး ဒေါ်လှကြူနွဲ့ထံမှ သိရသည်။
လှိုင်ဝင်းလေး