ရွှေတောင်မြို့နယ်တွင် မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သင်တန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေတောင် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သင်တန်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေ/အုပ်ဝန်ထမ်းများသည် အုပ်စုအလိုက်အဖွဲ့များခွဲ၍ ရွှေတောင်မြို့နယ်အတွင်းရှိ တဘူစားကျေးရွာအုပ်စု၊ ကျွဲတလင်းကျေးရွာအုပ်စု၊ ဆိတ်ကြီးကျေးရွာအုပ်စုနှင့် ယင်းမူကုန်းကျေးရွာအုပ်စုများသို့ ကွင်းဆင်း၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော ပြည်သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား (၁၅၀၉)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 ကိုကိုမင်း (ပြန်/ဆက်)