သနပ်ပင်မြို့နယ်၊ ‌အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အောက်တကဲကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

သနပ်ပင် နိုဝင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်တကဲကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အောက်တကဲကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းသီကျော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ညိုပြာက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ညိုပြာက ဦးဆောင်ဆွေးနွေးကာ အ.ထ.က(ခွဲ) အောက်တကဲကျောင်း မှ Grade(8)ကျောင်းသူ မကြယ်စင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊Grade(11)ကျောင်းသား မောင်နေမြတ်ဦးက လူငယ်နှင့်အင်တာနက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)ကျောင်းသား မောင်သုတ‌အောင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(10)ကျောင်းသား မောင်ဇေမင်းနောင်က လူငယ်နှင့် ဘာသာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(7) ကျောင်းသားမောင်ရဲထက်အောင်က လူငယ်နှင့်‌ ခေါင်းဆောင်မှုခေါင်းစဥ်ဖြင့်လည်းကောင်း စသည့် ခေါင်းစဉ်တို့ဖြင့်  ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)