ပေါက်ခေါင်း နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာန၊ ပြည်ခရိုင်မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက်နေ့နံနက် (၉)နာရီအချိန်က ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က(ပေါက်ခေါင်း)ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးညွန့်ဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သစ်တောဦးစီးဌာန၊ ပြည်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးဇော်စိုးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွေးမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း တက်ရောက်လာသူများသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ အ.ထ.က(ပေါက်ခေါင်း)ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ (၅)ဦး၊ ကျောင်းသား/ကျောင်းသူများ(၁၈၃)ဦး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်း(၂) ဦးနှင့် သစ်တောဦးစီးဌာနမှဝန်ထမ်း(၁၂)ဦး စုစုပေါင်း(၂၀၂)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip ပြသခြင်း၊ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများအပြင် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများအတွက် ဗလာစာအုပ်များ၊ ဘောပင်များနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)