ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော်      နိုဝင်ဘာ        ၁၄

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်လွိုင်ကော်အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကွင်း၊ ထေးငှားလျားကန်၊ မြို့ပတ်လမ်းနှင့် အထင်ကရနေရာများတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီဂေါက်ကွင်း သန့်ရှင်းသာယာ လှပရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် ဂေါက်ကွင်း Fair Way ၊ တီခုံများ၊ Green များ ပြန်လည် ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဂေါက်ကွင်းအတွင်းရှိရေကန်များနှင့်တံတားများ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ဂေါက်ကလပ်တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က  ဂေါက်ကွင်းစိမ်းလန်းစိုပြည်သန့်ရှင်းသာယာရေး စနစ်တကျဆောင်ရွက်ရန်၊ ကွင်းအတွင်းရှိ အရိပ်ရပင်များ စနစ်တကျ ထိန်းသိမ်းပြီး လိုအပ်သည့်နေရာများတွင် ထပ်မံစိုက်ပျိုးရန်နှင့် ရေကန်များနှင့် ကန်ကူးတံတားများ ပြုပြင်ထိန်းသိမ်းရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ဆက်လက်၍ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်အပန်းဖြေ အနားယူနိုင်ရန် နှင့် ဒီဇင်ဘာ လူထုအားကစားလတွင် ကျန်းမာရေးလှုပ်ရှားမှုများ ပြုလုပ်နိုင်ရန်အတွက် ထေးငှားလျား ကန်၊ တံတားနှင့် ကန်ပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေးနှင့် စိမ်းလန်း စိုပြည်ရေးဆောင် ရွက်ရန် လိုအပ်လျက်ရှိသည့် အခြေအနေများကိုလှည့်လည်ကြည့်ရှု စစ်ဆေးပြီး ပြည်နယ်ဝန် ကြီးချုပ်က ထေးငှားလျားကန်အတွင်းရှိ ကန်ကူးတံတားကြံ့ခိုင်မှုရှိစေရေး၊ ကန်ပတ် လမ်းတစ်လျှောက်တွင် စိုက်ပျိုးထားသည့် ပန်းအလှပင်များ စနစ်တကျပြုပြင် ထိန်းသိမ်းရန်နှင့် ကန်ပတ်လမ်းမီးများ ထွန်းညှိပေးနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ယင်းနောက် လွိုင်ကော်တက္ကသိုလ်အဝင်လမ်းမကြီးအား ပြည်နယ်လမ်းဦးစီးဌာနကဒုတိယ ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှုများ အား တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လွိုင်ကော်မြို့လယ်ရှိ နာရီစင်နှင့် အထင်ကရနေရာများတွင်မြေယာရှုခင်း ဆောင်ရွက်ရန် အတွက် ပန်းခုံများ ဆောက်လုပ်နေမှုနှင့် နာရီစင်ပြုပြင်ထိန်းသိမ်း ထားရှိမှုအားကြည့်ရှုစစ်ဆေးပြီး နာရီစင်အား မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်အောင်ဆောင်ရွက်သွားရန်နှင့် ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးပြီးပါက ထိခိုက်ပျက်စီးမှု၊ ဖျက်ဆီးမှုမရှိအောင် ထိန်းသိမ်းရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ဒေါဥခူရပ်ကွက် အမှတ်(၄)လမ်းမကြီး တစ်လျှောက်တွင် မြေယာရှုခင်းနှင့်ပန်းအလှပင်များ စိုက်ပျိုးမည့်အခြေအနေများအားလည်းကောင်း၊ လွိုင်ကော်မြို့ပတ်လမ်းတစ်လျှောက်လူအင်အား၊ စက်ယန္တရားများဖြင့် သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုနှင့် သီရိမင်္ဂလာတံတား ကြံ့ခိုင်မှုအခြေအနေများအား လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ်ကာလအမီ ပြီးစီးအောင်ဆောင်ရွက်ရန်တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)