တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိတ်မြို့တွင် ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်

မြိတ် နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းများတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် မြိတ်မြို့ Royal Hotel တွင်ပြုလုပ်သည့်ငလျင်ဘေးအန္တရာယ် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို တက်ရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီး ဟိုတယ်အတွင်း သတိပေးခြင်း၊ မီးလောင်မှုအားအချက်ပေးခြင်း၊ တည်းခိုနေထိုင်သူများ သတ်မှတ်လမ်းကြောင်း အတိုင်း ဘေးလွတ်ရာသို့ထွက်ခွာခြင်း၊ ပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ ကယ်ဆယ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ လှေခါးတင်မီးငြှိမ်းသတ်ယာဉ်ဖြင့် အထပ်မြင့်ပိတ်မိလူများအားကယ်ဆယ်ခြင်း၊ Fire Point နေရာအား မီးငြှိမ်းသတ်ခြင်း၊ ဓာတ်ငွေ့မီးငြှိမ်းသတ်ခြင်း၊ ဟိုတယ်တည်းခို ကျန်ရှိ/ပျောက်ဆုံးသူများ ရှိ/မရှိကို စာရင်းကောက်ယူ စိစစ်ဆောင်ရွက်ခြင်းစသည့်တို့ကို အချိန်တိုအတွင်း အလျင်အမြန်ပြီးစီးရန် ဇာတ်တိုက် လေ့ကျင့်ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကို တားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကိုလျော့နည်းအောင်နှင့် ဘေးဒဏ်ကိုရင်ဆိုင်တုံ့ပြန်နိုင်သည့် လူ့အသိုက်အဝန်းဖြစ်အောင် ဆောင်ရွက်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်၏သဘောသဘာဝကို ကြိုတင်လေ့လာခြင်း၊ ပြင်ဆင်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်မည်ဖြစ်ပြီး နယ်ပယ်ကဏ္ဍစုံက တစ်ဦး တစ်ယောက်ချင်းစီတွင် သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာများ ပြည့်ဝစွာဖြင့် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူကိုဗဟိုပြု အကာအကွယ်ပေးချဉ်းကပ်မှု နည်းလမ်းများကိုအသုံးပြုပြီး ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများ ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် သဘာဝဘေးကျရောက်ချိန်တွင် ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဇာတ်တိုက်လေ့ကျင့်မှုကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် လူနာတင်ယာဉ်များဖြင့် ဇာတ်တိုက်ခဲ့ကြရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ဇာတ်တိုက်လေ့ကျင့်ခြင်းဖြင့် ဟိုတယ်တွင်ရှိသည့် တည်းခိုနေထိုင်သူများနှင့် ဟိုတယ်ဝန်ထမ်းများအနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားလာပါက စနစ်တကျတုံ့ပြန်ဆောင်ရွက်ရမည့် နည်းလမ်းများကို သိရှိနားလည်၍ မိမိတို့ဘဝအတွက်သာမက မိမိတို့မိသားစုနှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ၏ ဘေးကင်းလုံခြုံမှုအတွက်ပါ ကောင်းစွာအသုံးချနိုင်ပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော ရပ်ရွာအသိုက်အဝန်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး