မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း(မကွေး)တွင် နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်

မကွေး နိုဝင်ဘာ ၁၃

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)ရှိ RC(၂)ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေနံနက် ၈ နာရီခွဲက အဆိုပါ နှစ်ထပ် ကျောင်းဆောင်သစ်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင် / မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ဦးစွာ ကျောင်းရုံးခန်းနှင့် ဟောခန်းမ RCC (၂)ထပ် ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများက ကျောင်းရုံးခန်းနှင့် ဟောခန်းမအဆောက်အဦးသစ် ကမ္မည်းမော်ကွန်းအား အမွှေးနံ့သာရေဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

ထို့နောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်မှာစကားပြောကြားခဲ့ပြီး ရွှေမန်းမကွေး ဆောက်လုပ်ရေးကုမ္ပဏီမှတည်ဆာက်ပြီးစီးသည့် ကျောင်းရုံးခန်းနှင့် ဟောခန်းမ အဆောက်အဦး မှတ်တမ်းများအား သမဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု အထိမ်းအမှတ် ဂုဏ်ပြုအလံအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ကာ တက်ရောက်လာသည့် အကြီးအကဲများအား ကျောင်းဆောင်သစ် ဖွင့်ပွဲအမှတ်တရလက်ဆာင် ပစ္စည်းများပေးအပ်ခဲ့ကြသည်။

အဆိုပါ ကျောင်းရုံးခန်းနှင့် ဟောခန်းမ ကျောင်းဆောင်သစ်(မြတ်ပညာဆောင်)သည် အလျားပေ (၁၉၈)၊ အနံပေ(၃၀)၊ အမြင့်(၂၄)ပေရှိ RCနှစ်ထပ်ကျောင်းဆောင်ကို ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင်ကျပ်သန်း(၃၄၇.၃၁၅) နှင့် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၄၁၅.၈ဝဝ) ၊ စုစုပေါင်း ကျပ်သန်း (၇၆၃.၁၁၅)ဖြင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရွှေမန်းမကွေးဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)