ဂန့်ဂေါ နိုဝင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) တွင် ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်က အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်များနှင့် ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ များရရှိစေရန် ကျောင်းစာအပြင် သုတ/ရသစာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုကြရန် လိုအပ်ကြောင်းတို့ကို ဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်အေးက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊လိုက်နာကျင့်ဆောင်ရမည့် မျိုးချစ်စိတ်ဓာတ်အကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များကိုလည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများနှင့် ကလေးသူငယ်အခွင့်အရေးများ အကြောင်းတို့ကိုလည်းကောင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှု့ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဂန့်ဂေါခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် ဝန်ထမ်းများ၊ အခြေခံပညာအလယ်တန်းကျောင်း(မြောက်ကုန်း)မှ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၃၁၁)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
မောင်မျိုးမင်း