တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြိတ်တက္ကသိုလ်တွင် ရေသတ္တဝါမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် မတည်ငွေကျပ်သိန်း(၈၀၀)လှူဒါန်း

မြိတ် နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၏ ရေသတ္တဝါသားဖောက်စခန်း အဆောက်အဦသစ်ဖွင့်ပွဲ တက်ရောက်ခဲ့ကြပြီး မြိတ်တက္ကသိုလ်မှ ရေသတ္တဝါမွေးမြူရေးဆိုင်ရာ သုတေသနများကို ကောင်းစွာဆောင်ရွက်နိုင်ရန် သုတေသနရန်ပုံငွေအတွက် မတည်ငွေကျပ်သိန်း(၈၀၀)ကို လှူဒါန်းပေးအပ်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများက အဏ္ဏဝါသိပ္ပံဌာန၏ ရေသတ္တဝါသားဖောက်စခန်း အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက အဆောက်အဦသစ်ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေသတ္တဝါသားဖောက်စခန်း အဆောက်အဦအတွင်း၌ မြိတ်တက္ကသိုလ်မှ သုတေသနပြုလုပ် သားဖောက်မွေးမြူထားရှိသည်များကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန၏ ရေသတ္တဝါသားဖောက်စခန်းတွင် ကျောင်းသား/သူများ၊ သုတေသနဆောင်ရွက်နေသော ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းသားများ၊ သုတေသီ ဆရာ/မများ ရေသတ္တဝါမွေးမြူရေးဆိုင်ရာ သုတေသနများကို ကောင်းစွာဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  သုတေသနရန်ပုံငွေအတွက် မတည်ငွေကျပ်သိန်း(၈၀၀) ကို တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်။ ထို့နောက် ရေသတ္တဝါသားဖောက်စခန်း အဆောက်အဦသစ်လှူဒါန်းပေးပါသော ကန်စွန်းအင်းကိုယ်ပိုင် အထက်တန်းကျောင်း တည်ထောင်သူဆရာမကြီး ဒေါ်တင်တင်ထွေးအား ပါမောက္ခချုပ်မှ ဂုဏ်ပြုမှတ်တမ်းပေးအပ်သည်။

မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနအနေဖြင့် သုတေသနပြုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရေသတ္တဝါမွေးမြူရေးဆိုင်ရာများနှင့် ဒီရေတောရှားပါးမျိုးစိတ်များ၊ ရာသီမရွေးစိုက်ပျိုးနိုင်သည့် ရေမှော်များကို သုတေသနပြုလုပ် သားဖောက်အောင်မြင်ထားရှိပြီဖြစ်ရာ ယခုကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရေသတ္တဝါသားဖောက်စခန်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတည်ရန်ပုံငွေများဖြင့် ရေသတ္တဝါသားဖောက်စခန်း၌ ကျောင်းသား/သူများအား ရေသတ္တဝါမွေးမြူရေးဘာသာရပ်အတွက် လက်တွေ့သင်ကြားပို့ချပေးနိုင်မည်ဖြစ်သည်။

ထို့အတူ သုတေသနဆောင်ရွက်နေသော ဘွဲ့ကြို၊ဘွဲလွန်သင်တန်းသားများအား ရေသတ္တဝါ မွေးမြူရေးဆိုင်ရာသုတေသနများနှင့် သုတေသီ ဆရာ/မများအတွက် သုတေသနများကို ကောင်းစွာဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒေသတွင်းရှိ လူငယ်များအား ရေသတ္တဝါ သားဖောက် ထုတ်လုပ်မွေးမြူနိုင်မည့် သက်မွေးပညာသင်တန်းများလည်း ဖွင့်လှစ်ပေးနိုင်မည်ဖြစ်၍ ဒေသအတွင်းရှိ လူမူစီးပွားတိုးတက်ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)