သရက်ချောင်း နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ (အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးခင်မောင်စိုးက ကျောင်းသား/သူများအား အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက အမျိုးသားအောင်ပွဲနေ့ဖြစ် ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ ကျောင်းနေအရွယ်ကလေးဘဝမှ စတင်ပြီး နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာရေး၊ နိုင်ငံတော်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကာကွယ်စိတ်၊ အမျိုးသားရေးစိတ်ဓာတ်၏ အရေးပါမှု စသည့် ဗဟုသုတဖြစ်ဖွယ်များနှင့် သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေသောအလုပ်ရှင်များအား ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း၊ အရေးယူနိုင်သည့် ဥပဒေများအကြောင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံခဲ့ရသော ကလေးအလုပ်သမားများအား ပြန်လည်ကုစားရေးနည်းလမ်းများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောပြီးနောက် ကျောင်းသား/သူများနှင့် အပြန်အလှန် ရှင်းလင်းဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)