ပန်းတောင်း နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့နေ့လယ်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရက အမှာစကားပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်အိသဇင်ကျော်မှ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ မဲပေးခြင်းရည်ရွယ်ချက်များနှင့် ဆန္ဒပြုခန်းအတွင်း မဲပေးပုံအဆင့်ဆင့်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန်စိစစ်ခြင်း စသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)