ကဝ နိုဝင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုးဂနိမ်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုးဂနိမ်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမာက ကျေးဇူးတင်စကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက လူငယ်များအသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများရှိလာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဦးဆောင်ဆွေးနွေးကာ Grade(11)မှ မစုမြတ်ဇော်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade(8)မှ မောင်ဥက္ကာမင်းနှင့် မသီရိခေတ်က လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်ကျော်ရဲအောင်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade (10) မှ မရတနာထွန်းနှင့် မနှင်းဝသုန်က လူငယ်နှင့်နည်းပညာ ခေါင်းစဉ်များဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးသွားခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည့်အကြောင်းအရာများကို ခေါင်းစဉ်အလိုက် မေးမြန်းခဲ့ရာ သက်ဆိုင်ရာခေါင်းစဥ်အလိုက်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါလူငယ်စကားဝိုင်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/ စာစောင်များအား ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)