လွိုင်ကော် နိုဝင်ဘာ ၁၂
ကယားပြည်နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ကယားပြည်နယ် လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းနှင့်အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ရှိ ပြည်နယ်အားကစားကွင်းသို့သွားရောက်၍ အားကစားဆိုင်ရာ အဆောက်အဦများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်နယ်အားကစားကွင်းအတွင်း ပြန်လည်ပြုပြင်တည်ဆောက် ဖွင့်လှစ်လျက်ရှိသော ပြည်နယ် GYM အားကစားခန်းမ၊ အမျိုးသားရေကူးကန်၊ ဖူဆယ်အားကစားရုံနှင့် ဝန်ထမ်းအိမ်ရာတို့ကိုကြည့်ရှုစစ်ဆေးခဲ့ရာ ကယားပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက GYM ခန်းမ၊ ရေကူးကန်နှင့် ဖူဆယ်အားကစားရုံ ပြန်လည်ဖွင့်လွှစ်ထားရှိမှု၊ ဝန်ထမ်းအိမ်ရာအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဒေါတမ(FC)အသင်းနှင့် မိုင်းလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးရာ ဒေါတမ(FC) အသင်းက မိုင်းလုံးအသင်းကို (၄) ဂိုး ဂိုးမရှိဖြင့် အနိုင်ရသည်။
အဆိုပါ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ဘောလုံးအသင်း (၂၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများကို နိုဝင်ဘာ ၉ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)