ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များသို့ တက်ရောက်မည့် ကျောင်းသားကျောင်းသူများအားတွေ့ဆုံ

လွိုင်ကော်      နိုဝင်ဘာ        ၁၂

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)သို့ တက်ရောက်မည့် ကျောင်းသား ကျောင်းသူများမှ ကယားပြည်နယ်ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲကို ယနေ့နံနက်ပိုင်းက နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (လွိုင်ကော်)ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း ပညာရည်ထူးချွန်သည့် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများကို စနစ်တကျရွေးချယ်၍ နိုင်ငံတော်၏ အစီအစဉ်ဖြင့် သင်ကြားပေးမည့် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များသို့ တက်ရောက်စေခြင်းဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများက မိမိတက်ရောက်ခွင့်ရရှိသည့် ဘာသာရပ်များတွင် ထူးချွန်ထက်မြက်သူများဖြစ်အောင် အကောင်းဆုံးကြိုးစားကြရန် လိုအပ်ကြောင်း၊ ပညာသင်ကြားရာတွင် အခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကျောင်းသားကျောင်းသူများနှင့်ခင်မင်ရင်းနှီးစွာနေထိုင်ပြီး ပြည်ထောင်စု စိတ်ဓာတ်ခိုင်မြဲမှုရှိရန်၊ ပြည်ထောင်စု တိုင်းရင်းသားများ၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံကောင်းများကို အပြန်အလှန်လေးစားထိန်းသိမ်းကြရန်လိုကြောင်း၊ တက္ကသိုလ်ပညာသာမက ဘက်စုံပညာသင်ကြားခွင့်ရရှိမည်ဖြစ်သဖြင့် စည်းကမ်းအရာတွင် စံနမူနာပြဖြစ်အောင် ကြိုးပမ်းသွားကြရန်နှင့် နိုင်ငံ့ဂုဏ် ပြည်နယ်ဂုဏ် ဆောင်နိုင်သည့်သူများဖြစ်လာအောင် ရည်မှန်းချက်ထား ကြိုးစားသွားကြရန် ပြောကြားသည်။

ဆက်လက်၍ ကျောင်းသားကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းသား ကျောင်းသူများကိုယ်စား ကိုယ်စားလှယ်နှစ်ဦးကလက်ခံယူကြသည်။ ယင်းနောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ကျောင်းသားကျောင်းသူများအတွက် လမ်းစရိတ်ချီးမြှင့်ငွေများ ပေးအပ်ရာ ကျောင်းသားကျောင်းသူကိုယ်စားလှယ်နှစ်ဦးက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကာ ဂုဏ်ပြုလက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)