မုံရွာ နိုဝင်ဘာ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအားကစားအောင်နိုင်ရေးနှင့်ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ များကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၂ ရက် နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများသို့ မိမိတို့တိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် သွားရောက်ယှဉ်ပြိုင်ရာတွင် အားကစားနည်းများအလိုက်အောင်မြင်ခဲ့သည့် အားကစားနည်းများရှိသကဲ့သို့ ဆက်လက်ကြိုးစားယှဉ်ပြိုင်ရမည့် အားကစားနည်းများလည်းရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလိုအပ်သည့် အားပေးကူညီထောက်ပံ့မှုများဆောင်ရွက်နေသကဲ့ သို့ပါဝင်ယှဉ်ပြိုင်မည့် နည်းပြ/အုပ်ချုပ်/အားကစားသမားများ အနေဖြင့်လည်း နှစ်လုံးပေါက် အားသွန်ခွန်စိုက်လေ့ကျင့်သွားကြရန်လိုအပ်ပါကြောင်း၊ ဌာနပေါင်းစုံအားကစား ပြိုင်ပွဲများအား နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလျက်ရှိပြီး အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲများ ကျင်းပရခြင်းအနေဖြင့် ဝန်ထမ်းများလုပ်ငန်းခွင်တွင် ကျန်းမာပျော်ရွှင်မှုရရှိစေရေး၊ ဌာနဆိုင်ရာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရန်နှင့် စည်းလုံးညီညွတ်စွာပါဝင်ယှဉ်ပြိုင်သွားကြရန်လိုအပ်ပါကြောင်း၊ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုလည်း ယခင်နှစ်များနည်းတူ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပြည်သူများပါဝင်ဆင်နွှဲနိုင်အောင် တာဝန်ရှိသူများအနေဖြင့် အလေးထား ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ တာဝန်များပေးအပ်ခံထားသည့် ဆပ်ကော်မတီအသီးသီးအနေဖြင့်လည်း မိမိတို့အားပေးအပ်ထားသည့် တာဝန်များအား ကျေပွန်စွာထမ်းဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဇော်လွင်က တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့်ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းများကြိုတင် စီမံဆောင်ရွက်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အားကစားနည်းများအလိုက်မှ ဆပ်ကော်မတီဥက္ကဌများက တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပရေးအတွက် မိမိတို့တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးနှင့် ဌာနပေါင်းစုံအားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ပြန်/ဆက်