ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများ ဆွေးနွေးပွဲကျင်းပ

လွိုင်ကော်      နိုဝင်ဘာ        ၁၂

ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီကကြီးမှူး၍ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ စီးပွားရေးအသင်းအဖွဲ့များ၊ ကဏ္ဍအသီးသီးမှစီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးမွေးမြူရေးတောင်သူများနှင့်ဖိတ်ကြားထား သူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြင့်မားလာစေရန်နှင့် ပြည်နယ်၏ စီးပွားရေးပြန်လည် ဦးမော့လာစေရန်အတွက် ယခုကဲ့သို့ ဌာနဆိုင်ရာများနှင့် ကဏ္ဍနယ်ပယ်စုံမှ လုပ်ငန်းရှင်များပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ဆက်စပ်လုပ်ကိုင်ရမည့်လုပ်ငန်းစဉ်များကို  လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရရရှိမည့် အခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များအပါအဝင် အခြားသော အခွင့်အလမ်းများနှင့် ဥပဒေဆိုင်ရာအကာအကွယ်ပေးမှုများကို ပိုမိုသိရှိနိုင်စေရန်၊ တွေ့ကြုံရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများကိုကျော်လွှားနိုင်ရန်နှင့်  ပြည်နယ်အစိုးရနှင့် တာဝန်ရှိသူအားလုံးက ပေါင်းစပ် ကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကယားပြည်နယ် ရင်းနှီးမြှုပ်နှံနှင့် စီးပွားရေးအခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြသည်။

ထို့နောက် အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာများက ကယားပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူများနှင့် စိတ်ပါဝင်စားသူများက သိရှိ လိုသည်များကို မေးမြန်းခဲ့မှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ခင်းကျင်းပြသထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ်စာစောင်များနှင့် လက်ကမ်းစာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)