မုံရွာမြို့တွင် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင်ပွဲ၊ နံရံကပ်စာ‌စောင်၊ စာအုပ် ပြပွဲများနှင့် Game ပြိုင်ပွဲများ ကျင်းပ

မုံရွာ နိုဝင်ဘာ ၁၂

ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်ကိန်းဝပ်ရှင်သန်စေရန်နှင့် အမျိုးသားရေး ဇာတိမာန်များ ရှင်သန်နိုးကြားလာစေရန်ရည်ရွယ်ပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ (လယ်တီ)တို့ ပူးပေါင်း၍၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် ကျရောက်မည့် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြို အလယ်တန်းဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ဆုချီးမြှင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောကက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံအကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ မိဖုရားမောင် ခွေးကြည့်ခိုင်းသလို မသေချာ အခါအခါမော၊ လက်ညှိုးမကောင်း လက်မဖြတ်၊ ဘိုနေမြဲ ကျားနေမြဲ၊ မောင်ပေါက်ကျိုင်း၊ စေတနာ စသည့် ခေါင်းစဉ်များဖြင့် အလယ်တန်းဆင့် ကျောင်းသား/ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ တက်ရောက်လာကြသူများအား (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) နေပြည်တော်မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲဆုပေးပွဲကို ကျင်းပရာ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲတို့ကို ကျောင်းသား၊ ကျောင်းသူ (၈၀) ဦးတို့က စိတ်ဝင်တစား ကြည့်ရှု့ခဲ့ကြသည့်အပြင် ခါးကွင်းလှည့်၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် စသည့် Game ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)