ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပသော နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ ပေးအပ်ပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နိုင်ငံတော်၏ အကြီးအကဲများက နိုင်ငံစီးပွားရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ စပါးအထွက်တိုးစေရေးအပြင်၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကြဲခင်းစနစ်များသည် မျိုးစပါးလေလွှင့်မှုဆုံးရှုံးများစွာရှိသောကြောင့် (Drum Seeder) ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေး တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း နှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် မြေပဲ တစ်မျိုးတည်းစိုက်ပျိုးခြင်းထက် ပဲပုတ်၊ နေကြာများကို လည်းထည့်သွင်းစိုက်ပျိုးသင့်ကြောင်း ဒါမှသာ ပြည်တွင်းဆီဖူလုံရေးကို ရရှိလာမည့်အပြင် တောင်သူများ ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ဆီထွက်သီးနှံ (ဆောင်းနေကြာ) မျိုးစေ့များ တောင်သူများအား အသီးသီးပေးအပ်ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် အ.ထ.က(၁)ကျောင်းရှိ အောင်ကျော်ခန်းမ၌ ရပ်ဝေးဒေသများမှ လာရောက်၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ ဆက်လက်တက်ရောက်ခဲ့ပြီး၊ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာ ဦးစီးဌာန၊ တိုင်းပညာရေးမှူး ဦးခင်မောင်ထွေးနှင့် ခရိုင်ပညာရေးမှူးတို့က ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုနှင့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပြောကြားပြီး၊ အထက်တန်းပြ ဆရာ၊ ဆရာမများက အသီးသီးသင်ကြားပေးနေမှုများနှင့် အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြကြရာ တင်ပြမှုများအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ရပ်ဝေးဒေသများမှ လာရောက် ၍ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ၊ ဆရာမများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ကြပြီး၊ ဆရာ၊ ဆရာမများကိုယ်စား ဆရာမ ဒေါ်ခင်ခင်စိုးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် တိုင်းဒသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)