ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းအတွင်းဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့် တင်ဒါအောင်ကုမ္ပဏီများနှင့် တွေ့ဆုံ

ပုသိမ်       နိုဝင်ဘာ        ၁၂

၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းဆောင်ရွက်သည့် လုပ်ငန်း(၂၇၁)ခုအနက် လုပ်ငန်းပြီးဆုံးမှုရာခိုင်နှုန်းနည်းနေသည့် တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ဧရာရွှေဝါခန်းမတွင်ပြုလုပ်သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်းအခြေခံပညာ ကျောင်းပေါင်း(၇)ထောင်ကျော်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းဆောင်လိုအပ်ချက်များ အပေါ်  နှစ်အလိုက်ဘဏ္ဍာရန်ပုံငွေခွဲဝေချထားပေးခဲ့ပါကြောင်း၊  အဆောက်အဦများကို တာဝန်ယူဆောက်လုပ်ရာတွင်  ဆောက်လုပ်သည့်ကုမ္ပဏီများအနေဖြင့် အရည်အသွေး အကောင်းဆုံးဖြစ်စေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန်လိုပါကြောင်းနှင့်  တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ရာသီဥတု၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရန်အခက်အခဲများရှိပါက အချိန်မီတင်ပြရန်လိုပါကြောင်းနှင့် အခက်အခဲများကိုဝိုင်းဝန်းအဖြေရှာကြရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးများက မိမိတို့မြို့နယ်အတွင်းဆောက်လုပ်နေသည့် ကျောင်းများနှင့်ပတ်သက်၍ ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် တာဝန်ယူဆောက်လုပ်ရသည့် ကုမ္ပဏီများအနေဖြင့် အဆောက်အဦများအား အရည်အသွေးကောင်းကောင်းဖြင့် အချိန်မီတည်ဆောက်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက်သွားကြရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအေးချမ်းလုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် မိမိတို့တာဝန်ယူဆောက်လုပ်သည့် အဆောက်အဦများကို အရည်အသွေးရှိရှိ စေတနာထား ဆောက်လုပ်ပေးကြရန်လိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တင်ဒါအောင်ကုမ္ပဏီလုပ်ငန်းရှင်များက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများရှင်းလင်းတင်ပြခဲ့ကြသည်။

လှမင်းထွဋ်(ပြန်/ဆက်)