ထားဝယ် နိုဝင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၁ ရက် ညနေပိုင်းက ထားဝယ်မြို့ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ အမျိုးသား/အမျိုးသမီးမီတာ(၁၀၀)ပြေးပြိုင်ပွဲနှင့် မီတာ( ၄၀၀ × ၄) လက်ဆင့်ကမ်းပြိုင်ပွဲ၏ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးသည်။
ထို့နောက်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသောကြက်ခြေနီတပ်ဖွဲ့အားဂုဏ်ပြုဆုငွေချီးမြှင့်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က မီတာ(၁၀၀)ပြေး အမျိုးသမီးပြိုင်ပွဲတွင်ပထမဆုရရှိသော ကော့သောင်းမြို့နယ်မှ မဆုမြတ်မွန်၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်မှမအေးချမ်းလေပြေ၊ တတိယဆုရရှိသောသရက်ချောင်းမြို့နယ်မှ မဝင့်ဝါလှိုင်အား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော သရက်ချောင်း မြို့နယ်မှ မောင်ကောင်းဆက်ဇော်၊ ဒုတိယ ဆုရရှိသောလောင်းလုံးမြို့နယ်မှ မောင်မိုးဆွေခန့်၊ တတိယဆုရရှိသော ကော့သောင်းမြို့နယ်မှ မောင်ဝေယံဦးအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းဇော်မြင့်က မီတာ(၄၀၀×၄) လက်ဆင့်ကမ်း အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ကော့သောင်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော သရက်ချောင်းမြို့နယ်အသင်း၊ တတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက မီတာ(၄၀၀×၄)လက်ဆင့်ကမ်း အမျိုးသမီးပြိုင်ပွဲ တွင် ပထမဆုရရှိသော ကော့သောင်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသောလောင်းလုံးမြို့နယ်အသင်း၊ တတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသမီးပြိုင်ပွဲတွင်ရွှေတံဆိပ်(၁၂)ခု၊ ကြေး(၁)ခုဖြင့် ပထမဆုရရှိသောကော့သောင်းမြို့နယ်အသင်းနှင့်အမျိုးသားပြိုင်ပွဲများတွင် ရွှေတံဆိပ်(၇)၊ ငွေ(၃)ခုဖြင့် ပထမဆုရရှိသော သရက်ချောင်းမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)