နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲဆုချီးမြှင့်

ဘားအံ နိုဝင်ဘာ ၁၁

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်ညမှစ၍ ဒုံးအဖွဲ့(၂၀)ဖွဲ့ ဖြင့် ကပြဖျော်ဖြေယှဉ်ပြိုင်စေခဲ့ရာ နိုဝင်ဘာ ၁၁ ရက် ညပိုင်းက ဒုံးအကပြိုင်ပွဲဆုချီးမြှင့်ပွဲကို ဘားအံမြို့ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ဆုချီးမြှင့်သည်။

ဆုချီးမြှင့်ပွဲမတိုင်မီ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များက ဒုံးအကများဖြင့်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွှန့်လင်းတို့က ဒိုင်အဖွဲ့ဂုဏ်ပြုဆု၊ ဒုံးအကဘက်စုံ နှစ်သိမ့်ဆုများ၊ ရာဓညာဆုတောင်တေး ပဥ္စမဆုမှ ပထမဆုထိ၊ တေးသီချင်းဆု ပဥ္စမဆုမှ ပထမဆုထိ၊ ဒုံးအကဘက်စုံအထူးဆု၊ ဒုံးအကဘက်စုံပဥ္စမဆုမှတတိယဆုထိ ဆုရရှိသည့်ဒုံးအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက ကဒုံးအကဘက်စုံဒုတိယဆုရရှိသော ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ယဉ်ကျေးမှုဒုံးအဖွဲ့အား ငွေကျပ်(၄၅)သိန်းနှင့်ဆုဖလား တို့ကိုပေးအပ် ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒုံးအကဘက်စုံ ပထမဆုနှင့် ဒုံးအကဘက်စုံ တံခွန်စိုက်ဆုရရှိသော သင်းပျံ့ပွင့်လန်းနယ်စပ်ပန်းရွှေကုက္ကိုလ်မြိုင်ယဉ်ကျေးမှုဒုံးအဖွဲ့အား ငွေသားဆု (၁၂၅)သိန်းနှင့် တံခွန်စိုက်ဆု ဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် ရာဓညာဆုတောင်းတေးပထမဆုရရှိသော မြဝတီခရိုင်ယဉ်ကျေးမှုဒုံးအဖွဲ့၊ ဒုံးအကဘက်စုံ ပထမဆုနှင့် ဒုံးအကဘက်စုံတံခွန်စိုက်ဆုရရှိသော သင်းပျံ့ပွင့်လန်းနယ်စပ်ပန်းရွှေကုက္ကိုလ်မြိုင် ယဉ်ကျေးမှု ဒုံးအဖွဲ့တို့က ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

အလားတူ နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစား ပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒုံးအက ပြိုင်ပွဲဆုချီးမြှင့်ပွဲအပြီးတွင် နိုင်ငံကျော်တေးသံရှင် ဟဲလေး၊ D ဖြိုး၊ ဂေးဂေးတို့နှင့်အတူ ဒေသခံကရင်တိုင်းရင်းသားတေးသံရှင်များပါဝင်သော  တေးဂီတဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် Precision Auto Engineering Co.Ltd ၏ သုံးဘီးနည်း ပညာဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ဘားအံမြို့ အမှတ် (၅)ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ လူငယ်စင်တာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး Precision Auto Engineering Co.Ltd Training and Project Manager က သင်တန်းဆင်းလက်မှတ် များပေးအပ်ချီးမြှင့်ကာ Precision Auto Engineering Co.Ltd Training and Project Manager က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၅ ဦးက အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာ ၁၀ ရက်နေ့ထိ သုံးဘီးနည်းပညာဆိုင်ရာစက်ပြင်သင်တန်းကို (၁၀)ရက်ကြာ အခမဲ့သင်ယူပြီးခဲ့ကြပြီး ပြည်နယ်၏စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့်သင်တန်းဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)