လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ

လေရှီး နိုဝင်ဘာ ၁၁

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့်နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ခုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ဒေသဆိုင်ရာအချက်အလက်များနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင်ကျင်းပမည့် နာဂရိုးရာ နှစ်သစ်ကူးပွဲကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ အလားတူနာဂရိုးရာနှစ်သစ်ကူးပွဲ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မည့် အစီအမံများကိုတင်ပြခဲ့ကြသည်။ ယင်းနောက်နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးတို့ကလိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

တွေ့ဆုံပွဲအခမ်းအနားကို နံနက်(၁၀)နာရီတွင် ပြီးမြောက်ခဲ့ပြီး တွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့များ စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်ခဲကြသည်။

တွေ့ဆုံပွဲအပြီးတွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပမည့် ကွင်းအပြင်အဆင်များအား ကြည့်ရှုခဲ့ပြီး လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် လေရှီး-ဆွမ္မရာလမ်းပိုင်း မိုင်တိုင်(၄၀/၃၄)တွင် ကားလမ်း(၈၀)ပေခန့် တောင်ပြိုမြေကျ နေမှုနှင့် မိုင်တိုင်(၄၁/၃၄)တွင် ကားလမ်း (၁၆၀)ပေခန့် လမ်းသားပျက်ရွေ့/နိမ့်ကျနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပျက်စီးနေသည့်လမ်းပိုင်းများ လျင်မြန်စွာပြုပြင်နိုင်ရေးအတွက်  လိုပ်သည့် ရန်ပုံငွေတင်ပြတောင်းခံဆောင်ရွက်စေရေးအတွက် မြို့နယ်အင်ဂျင်နီယာအား မှာကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဖွင့်လှစ်လျက် ရှိသော မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သင်တန်းသား/သင်တန်းသူများအနေဖြင့် ရွေးကောက်ပွဲတွင် မဲစာရင်းမှားယွင်းမှုများ မဖြစ်ပေါ်စေရေးအတွက် ဥပဒေ၊ နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြစေရေး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် တက်ညီ လက်ညီပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြာခဲ့သည်။

ညနေ(၁:၃၀)နာရီအချိန်တွင် လေရှီးမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်းမှ ဗဟိုခေါင်းဆောင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုဒဿန အရှင်သူမြတ်အားသွားရောက်ကြည်ညိုကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)