လွိုင်ကော် နိုဝင်ဘာ ၁၁
ကယားပြည်နယ်၏ အားကစားအဆင့်အတန်း မြင့်မားလာရေး၊ အားကစားသမားများ၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာများ မြှင့်တင်နိုင်ရေး၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များကို မြေတောင်မြှောက်ပေးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ၂၀၂၅ ခုနှစ် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အားကစားကွင်း၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အားကစားကို ချစ်မြတ်နိုးသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများ ကွင်းအတွင်းနေရာယူပြီး စစ်ရေးပြမှူးက ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်အား အလေးပြုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအား ပြည်နယ်ဂုဏ်ဆောင်သည့် အားကစားသမားများအဖြစ်မှ နိုင်ငံဂုဏ်ဆောင်သည့် အားကစားသမားများအဆင့်ထိ တက်လှမ်းနိုင်စေရန်၊ ပြည်နယ်အတွင်း အားကစားအဆင့်အတန်း မြင့်မားပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု ရရှိနိုင်စေရန် ရည်ရွယ်ပြီး ယခုပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခင်က ကယားပြည်နယ်၏ အားကစားအဆင့်အတန်းမြင့်မားသည့် အစဉ်အလာကောင်းများရှိခဲ့ပြီး ထိုအစဉ်အလာကောင်းများ၊ အောင်မြင်မှုများ ပြန်လည်ရရှိရန်အတွက် အားကစားကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အားကစားကဏ္ဍကို မြှင့်တင်ခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်လူရွယ်များ ဖြစ်လာစေပြီး ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ကို အရင်းခံပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ သန့်ရှင်းစွာ ယှဉ်ပြိုင်ကစားကြရန် စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄) ချက်ကို ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ချီးမြှင့်ငွေနှင့် လေ့ကျင့်ရေးဘောလုံးများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လွိုင်ကော်အထက (၁) ဘင်ခရာအဖွဲ့နှင့် Fitness Dance အဖွဲ့တို့၏ စွမ်းရည်ပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများ ပေးအပ်ကာ ဖွင့်ပွဲပထမနေ့ ပွဲစဉ် (၁) အဖြစ် ထက်မြတ်ပိုင်ထူး FC နှင့် Lion FC အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို တစ်ခဲနက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် ထက်မြတ်ပိုင်ထူး FC အသင်းက Lion FC အသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အဆိုပါ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဘောလုံးအသင်း (၂၆) သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ပြိုင်ပွဲများကို နိုဝင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဆုရရှိသည့်အသင်းများကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)