ဖျာပုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကျိုက်လတ်မြို့နယ် ဓမ္မဝိဟာရဘိုးဘွားရိပ်သာတွင် ပြည်သူများအား ကွင်းဆင်းဆေးကုသပေး

ကျိုက်လတ် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ အထူးကု ဆရာဝန်ကြီးများသည် နိုဝင်ဘာ ၉ ရက် နံနက်  ၁၁ နာရီက  ကျိုက်လတ်မြို့နယ် တပေတမော့ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာရှိ ဓမ္မဝိဟာရဘိုးဘွားရိပ်သာတွင် ဘိုးဘွားများနှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်၍  ဖျာပုံခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျိုက်လတ် မြို့နယ်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များနှင့် ကျန်းမာရေး ဝန်ထမ်းများက ဘိုးဘွားရိပ်သာအတွင်းရှိ အဘိုးအဘွား(၂၆)ဦးအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ ပြည်သူများ စုစုပေါင်း ၁၁၈ ဦးအား ကွင်းဆင်းကုသပေးခဲ့သည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်ဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဓမ္မဝိဟာရဘိုးဘွားရိပ်သာမှ အကျိုးတော်ဆောင်များက လိုအပ်သည်များ ကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ရီရီမြင့်