တောင်တွင်းကြီး နိုဝင်ဘာ ၁၁
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင်ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဘဝငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) ခွဲအချိန်က မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားရေးအတွက် အားလပ်သည့် အချိန်များတွင် စာအုပ်စာပေများလို့ လေ့လာကြရမည့်ဖြစ်ကြောင်း၊ ပညာလိုအိုသည်မရှိ ဆိုသည့်အတိုင်း ပညာတက်မြောက်မှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနားလည်မည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြင့်တင်ရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေစဥ်စာဖတ်ရာ၌ သုတ၊ ရသပညာရပ်ပေါင်းစုံကို ဖတ်ရှု့လေ့လာကြရန်လိုအပ်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့် နောင်တချိန်တွင် နိုင်ငံတော်က အားကိုးအားထား ပြုရမည့် သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါ စာဖတ်ရှိန်မြင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)