၂၀၂၅ ခုနှစ်၊ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ဘားအံ နိုဝင်ဘာ ၁၁

၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာ(၁၄)ရက်နေ့တွင် ကျရောက်မည့် (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကို နိုဝင်ဘာ (၉) ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၆) ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌  ကျင်းပသည်။

အဆိုပါ (၁၀၅) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ ဆောင်ပုဒ်ဖြစ်သည့်  စည်းလုံးချစ်ကြည်လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည် ဆောင်ပုဒ်အတိုင်း ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးကို တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အသိပညာ အတက်ပညာပြည့်စုံသော လူ့စွမ်းအား အရင်းအမြစ်များဖြင့် နိုင်ငံတော်ကိုတည်ဆောက်ရေး၊ အမျိုးသားပညာရေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသောရည်ရွယ်ချက်များဖြင့် ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်း အလယ်တန်း မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပြိုင်ပွဲပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်းသိရသည်။

စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲ ကျင်းပနေမှုအခြေအနေများအား ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် ပြည်နယ်ပညာရေးမှူး တို့ကသွားရောက် ပြီး လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ ယင်းပြိုင်ပွဲကို အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ဖြင့် အမျိုးသားအောင်ပွဲနေ့ မမေ့နိုင်စရာ နှစ်တစ်ရာ့ငါးဆယ်၊ အမျိုးသားအောင်ပွဲနေ့တို့မ‌မေ့၊ အမျိုးသားဂုဏ်ရောင်လတန်ဆောင်၊ နှစ်စဉ်မမေ့ခြိမ့်ခြိမ့်သဲ အမျိုးသားနေ့အောင်ပွဲ၊ အမျိုးသားအောင်ပွဲနေ့ စသည့်ခေါင်စဉ်များဖြင့်  ယှဉ်ပြိုင်‌စေခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို ဘားအံမြို့ရှိအခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းကျောင်း ကျောင်း (၂၀)ကျောင်းမှ ကျောင်းသား ကျောင်းသူစုစုပေါင်း (၈၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိမည့်သူများအား တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်၊ နိုင်ဝင်ဘာလ (၁၄) ရက်နေ့ တွင် ကျရောက်မည့် (၁၀၅) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်