တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများ ကျင်းပ

တောင်ငူ နိုဝင်ဘာ ၁၁

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသားကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်ရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ပုံပြင်ပြော၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယမန်နေ့နံနက် ၉ နာရီအချိန်က တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ပြိုင်ပွဲများ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများကျင်းပရာတွင် တောင်ငူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် (၅၀) ဦး၊ အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင်  (၇၆) ဦး၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်  (၁၁၉) ဦး၊ အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတွင်  (၆၆) ဦး၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် (၆၆) ဦး၊ မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲတွင် (၆၇) ဦး၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲတွင် (၉၈) ဦး၊ စုစုပေါင်း (၅၄၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအား စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပြိုင်ပွဲများ ကျင်းပနေမှုကို တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုး၊ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါက်တာနော်ဥမ္မာထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းဆီ၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးပြီး အနီးကပ်ကြီးကြပ်၍ လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)