ရွှေကျင် နိုဝင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် (၁၀၅)နှစ်မြောက် အမျိုးသားနေ့အကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ရှမ်းကြေးရပ်ကွက်အတွင်းရှိ မဟာပညာ့ဗိမာန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးလှက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းက အမျိုးသားနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓာတ်အခန်းကဏ္ဍအရေးကြီးပုံ၊ လိုက်နာကျင့်ဆောင်သင့်သည့် မျိုးချစ်စိတ်ဓာတ် အကြောင်းအရာများကို ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ ရရှိစေရေးအတွက် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်၊ စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)