ပွင့်ဖြူ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးဆောင်ရွက်ထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးရွာသွန်းမှု ကောင်းမွန်ခဲ့သဖြင့် ဝါသီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း ၊ လက်ရှိတွင် ဒေသခံတောင်သူများက ဝါသီးနှံစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရန် မြေဩဇာကျွေးခြင်း ၊ ပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်ဆေးများ ပက်ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ချည်မျှင်ရှည်ဝါသီးနှံ ၄၈၇၂ ဧက စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းတွေဟာ မိုးရွာသွန်းမှု ကောင်းမွန်ပြီး ပိုးမွှားရောဂါလဲ ကျရောက်မှု မရှိတဲ့ အတွက် အောင်မြင်ဖြစ်ထွန်းလျက်ရှိပါတယ်။ ဝါသီးနှံစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး တောင်သူတွေကို မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်အောင် ဖြန့်ဖြူးဆောင်ရွက်ပေးတဲ့အပြင် စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး နည်းပညာပေးတာတွေ ၊ တစ်နှစ်ထက် တစ်နှစ် ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ်နည်းစနစ်များ သင်ကြားပေးခြင်းများကို ပံ့ပိုးကူညီဆောင်ရွက်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများက ချည်မျှင်ရှည်ဝါ ရွှေတောင် (၈) ၊ ရွှေတောင်(၁၀) ဝါမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း ၊ အဆိုပါ ဝါသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး ၊ အထွက်နှုန်း တိုးတက်စေရေး ၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး ၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျ သုံးစွဲတတ် စေရေး စသည့် စိုက်ပျိုးရေးဆိုင်ရာတောင်သူအသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချည်မျှင်ရှည်ဝါကို အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်းအောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အထောက်အကူပြုရုံသာမက ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဝင်ငွေ ရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ချည်မျှင်ရှည်ဝါကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )