မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ် ခန်‌ကုန်းကျေးရွာအုပ်စုများမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မင်းဘူး နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီခွဲက မင်းဘူး(စကု)မြို့နယ် ခန်ကုန်းကျေးရွာအုပ်စု၊ ဘုမ္မနိုးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ရတနာဇေယျုံ ဓမ္မာရုံတွင် ကျေးရွာအုပ်စုအတွင်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ ထနောင်းတော-အိုင်းမလမ်း ၃ မိုင်၊ ၂ ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းအား ပြုလုပ်ဆောင်ရွက်ခြင်းများကို ကြည့်ရှုစစ်ဆေးရာ ယာယီရှင်းလင်းဆောင်တွင် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်က လုပ်ငန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် အရည်အသွေးများပြည့်မီရေး၊ အချိန်မီပြီးစီးရေးတို့ကို လမ်ညွှန်မှာကြားခဲ့ပြီး၊ ဘုမ္မနိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ တွေ့ဆုံပွဲ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ် သရုပ်ပြ မဲပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ခန်ကုန်းအုပ်စု၊ ထနောင်းတောအုပ်စု၊ ဖလံတောကျေးရွာအုပ်စုများမှ တောင်သူများနှင့်တွေ့ဆုံရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ကဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုမေးမြန်းဆွေးနွေး၍ တောင်သူများ၏ ဒေသအခက်အခဲ တင်ပြမှုများကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)