ထားဝယ် နိုဝင်ဘာ ၈
ယမန်နေ့တွင် ကျရောက်သည့် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အထွေထွအုပ်ချုပ်ရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားပြီး ပြည်သူများအနေဖြင့် အထူးသဖြင့် နိုင်ငံဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ အနာဂတ်ကို တည်ငြိမ်အေးချမ်းစွာ ပုံဖော်နိုင်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် အစိုးရ၏ဦးဆောင်မှုဖြင့် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများကို အာမခံချက်ပေးနိုင်မည့် စစ်မှန်သောပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ခြင်းဖြင့် တိုင်းချစ်ပြည်ချစ်စိတ်ရှိသော တာဝန်သိနိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ပေါ်လာစေရန် ဦးတည်ဆောင်ရွက်လျက်ရှိရာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာစေရေးအတွက် ကိုယ်ကျင့်တရားကောင်းမွန်သော နိုင်ငံ့ဝန်ထမ်းများက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ်လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည်မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့်ဌာနတစ်ခုဖြစ်သည်နှင့်အညီ ပြည်တွင်း၊ ပြည်ပတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများကို မျက်ခြေမပျက်လေ့လာသုံးသပ်ပြီးနောက် ဖြစ်ပေါ်လာမည့် အခြေအနေအရပ်ရပ်များကို ပြင်ဆင်ဆောင်ရွက်သွားကြရန်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ မြို့များမှ တာဝန်ထမ်းဆောင်ရသည့် အရာထမ်း/အမှုထမ်းဝန်ထမ်းများအနေဖြင့် အုပ်ချုပ်ရေးယန္တရား၏ အဓိကကျောရိုးဖြစ်သည့်အတွက် အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ပေးကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်သည့်အခါတွင်လည်း ပြည်သူလူထုအတွက် ထိရောက်သော အကျိုးကျေးဇူးများရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအား ဖတ်ကြားရှင်းလင်းပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့်လုပ်ငန်းဆောင်ရွက်ချက်များ Video Clip အား ပြသသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ် (၆) တွင် အဆင့် (၄) ဖြင့် ထူးချွန်စွာအောင်မြင်သူ ဒေါ်နှင်းနှင်းသက်အား ဂုဏ်ပြုဆုချီးမြှင့်ပြီးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးတို့က လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများချီးမြှင့်သည်။
ယင်းနောက် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးက အငြိမ်းစားဝန်ထမ်းများအား ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)