လွိုင်ကော် နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အခမ်းအနားအား “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးကဏ္ဍတွင် အဓိကကျသည့်ဌာနဖြစ်ပြီး ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်ဌာနတစ်ခုဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြားဦးစီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရသည့် ဌာနဖြစ်သည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စံနမူနာပြဖြစ်ရန် စဉ်ဆက်မပြတ် ကြိုးစားလေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့်အချက်ကို အမြဲနှလုံးသွင်းပြီး မိမိအလုပ်၊ မိမိဌာန၊ မိမိပြည်နယ်၊ မိမိနိုင်ငံအပေါ် သစ္စာရှိရှိ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင်လည်း အဂတိတရား ကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံ့အကျိုး၊ ပြည်နယ်အကျိုး အစဉ်သယ်ပိုးနိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူများ အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ခိုင်ခိုင်မာမာဆက်လက် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများအတွက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပနိုင်ရေး ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများက လက်ခံရယူကြသည်။ ၎င်းနောက် ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများအား လည်းကောင်း၊ အုပ်ချုပ်မှု စွမ်းရည်မြင့်မားရေးသင်တန်းတွင် စစ်ရေးပြထူးချွန်ဆုရရှိသည့် ဝန်ထမ်းတစ်ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ရာ ကိုယ်စားလှယ် အသီးသီးက လက်ခံရယူ ကြသည်။
ဆက်လက်၍ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာဖြေဆို အောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီးများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ချီးမြှင့်မှုများနှင့် စပ်လျဉ်း၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း Video Clip အားပြသပြီး ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမင်းစိုးက အဖွင့်နှင့်အပိတ်သီချင်း သီဆိုခဲ့ကြသည့် ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)