လက်ပံတန်း၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

လက်ပံတန်း  နိုဝင်ဘာ  

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၅)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် အသိပညာပေးဟောပြောကို ယမန်နေ့နံနက် ၉ နာရီက မူလွန်ဘီးလင်းတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးအောင်ကြည်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက ယနေ့ ကျောင်းသား လူငယ်များ အမျိုးသားအောင်ပွဲနေ့အပါအဝင် နေ့ထူးနေ့မြတ်များကို အစဥ်သတိရ မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ် ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာပေချစ်သူများအဖွဲ့ဥက္ကဋ္ဌ ဆရာမြင့်သိန်း (ရွှေတောင် ချည်/ထည်/ ချော)က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြား၍ ပြိုင်ပွဲကျင်းပရာ  မူလွန်ဘီးလင်းတန်းမှ ကျောင်းသား၊ ကျောင်းသူများ "စာဖတ်ခြင်းကဉာဏ်စွမ်းကို ဘယ်လိုမြှင့်တင်ပေးနိုင်သလဲ"၊ "နည်းပညာခေတ်မှာ စာဖတ်ခြင်းကို ဘာကြောင့်မပျက်သင့်သလဲ"၊ "စာဖတ်ခြင်းကို ပျင်းစရာမဟုတ်ဘဲ ပျော်စရာအဖြစ် ပြောင်းလဲခြင်း" ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး  ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)