ပေါက်ခေါင်း နိုဝင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်ကွမ်းရွက်စိုက်ပျိုးခြင်းမှ တစ်နှစ်ပတ်လုံး မိသားစုဝင်ငွေ ရရှိလျက်ရှိကြောင်း ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ပျားထိုးကျွန်းကျေးရွာတွင် အိမ်တိုင်း၌ ခြံဝင်းကျယ်ရှိကာ ကွမ်းတိုင်များကို မိမိအိမ်ခြံဝန်းအတွင်းတွင်လည်းကောင်း၊ ဥယျာဉ်ခြံတွင်လည်းကောင်း စိုက်ပျိုးထားကြရာ တပေါင်းလနှင့် တန်ခူးလများတွင် မိုးအနည်းငယ်ရွာပြီဆိုသည်နှင့် မြေပြင်ခြင်း၊ ကွမ်းတိုင်စိုက်ထူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး တိုင်ခြေမှစ၍ မျိုးဖြတ်ထားသော ကွမ်းရွက်အညွန့်များကို စတင်စိုက်ပျိုးကြကြောင်း၊ နွားချေးကို အဓိကမြေဩဇာအဖြစ် အသုံးပြုကြကြောင်း၊ အရိပ်ပေးရန်လိုအပ်ကြောင်း ပျားထိုးကျွန်းကျေးရွာမှ ကွမ်းစိုက်တောင်သူတစ်ဦးက ရှင်းပြသည်။
ယခုအချိန်အခါတွင် ကွမ်းယာဆိုင်သုံး ကွမ်းရွက် အရွက်ရေ ၁၀၀ ပါဝင်သည့် ကွမ်းရွက်တစ်စည်းကို ၂၀၀၀ ကျပ်ရရှိနေပြီး အိမ်သုံးကွမ်းရွက်တစ်စည်းကို ၁၀၀၀ ကျပ်ရရှိကြောင်း၊ ၁၅ ရက်တစ်ကြိမ်ခူးပြီး တိုင် ၃၀ စိုက်ထားလျှင် တစ်ကြိမ်လျှင် တစ်သိန်းခွဲကျပ်ရရှိကာ တစ်နှစ်ဝင်ငွေ ကွမ်းရွက်ရောင်းခြင်းမှ သိန်း ၅၀ ကျော်ရရှိကြောင်း၊ တစ်ရွာလုံးသည် ကွမ်းရွက်ကို စိုက်ပျိုးကာ ပေါက်ခေါင်းမြို့သို့ တင်ပို့ရောင်းချကြောင်းသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)