မအူပင် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအား ယနေ့နံနက် ၉ နာရီက အမှတ် (၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေက ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းတာဝန်များ၊ ပြည်တွင်းထုတ်ကုန်များ၊ ဒေသထွက်ထုတ်ကုန်များ ဈေးကွက်တွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရေး၊ နိုင်ငံတွင်း ထုတ်ကုန်များသည် ကုန်ထုတ်လုပ်မှုအဆင့်အတန်းမြင့်မားကြောင်း၊ စိုက်ပျိုးရေးဒေသဖြစ်သည့်အတွက် ပြည်တွင်းဆီဖူလုံနိုင်ရေး ဆီထွက် သီးနှံများစိုက်ပျိူးရေး၊ စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်း ဈေးကွက်အခြေအနေများ၊ တင်သွင်းမှုအခြေအနေများနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် ဆန်၊ စပါးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေး၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေးစသည့်အချက်များအား အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ သိလိုသည်များအား မေးမြန်းတင်ပြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဝိုင်းကျေးရွာရှိ မအူပင်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ(စက်မှုဇုံ)ရှိ NEW TALENT အထည်ချုပ်စက်ရုံ အစည်းဝေးခန်းမ၌ ဥက္ကဋ္ဌဦးအောင်ကျော်မင်း၊ ဒါရိုက်တာဦးအေးသောင်း နှင့် NEW TALENT မန်နေဂျာ ဒေါ်ညိုညိုမွှေး၊ WILK MYANMAR ကုမ္ပဏီ မန်နေဂျာဦးသိန်းထိုက်၊ Shanze Gloves ကုမ္ပဏီ မန်နေဂျာ ဒေါ်သူဇာအေး တို့နှင့် တွေ့ဆုံခဲ့ပြီး ဒါရိုက်တာဦးအေးသောင်းမှ စက်မှုဇုန်တွင် ဆောင်ရွက် ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Power Pointဖြင့် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် UMFCCIမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆီကုန်သည်များ၊ ဆန်ကုန်သည်များ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)