တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် နိုဝင်ဘာ  

တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ကျင်းပခဲ့သည်။

ဦးစွာ ဗိုလ်လုပွဲသို့တက်ရောက်လာသည့်  Young- Fc အသင်းနှင့် တလိုင်းတောင် Fc အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ (Young- Fc)အသင်းက(၁)ဂိုး(၀)ဂိုးဖြင့်အနိုင် ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်နိုင်က ပွဲစဉ်တစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက ရှေ့တန်းအကောင်းဆုံးဆုရရှိသည့်(Young- Fc)အသင်းမှ မောင်လွင်လွင်ကျော်အား ဆုချီးမြှင့်ကာ တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်က  အလယ်တန်း အကောင်းဆုံးဆုရရှိသည့် နန်းတော်ဦး Fc အသင်းမှ မောင်ရဲမာန် အားဆုချီးမြှင့်သည်။

ဆက်လက်၍တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်းက  နောက်တန်းအကောင်းဆုံးဆုရရှိသည့် တလိုင်းတောင် Fc အသင်းမှ မောင်စိုးလတ်အားလည်းကောင်း၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာ ဝန်ကြီးဦးစောမာတင်လူသာက  ဂိုးသမားအကောင်း ဆုံးဆုရရှိသည့်တလိုင်းတောင် Fc အသင်းမှ  မောင်ရင်ဟုန်စိုးနှင့်ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆု ရရှိသည့် Young- Fc အသင်း မှ မောင်ဇော်ထွန်းအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အမှတ်ပေးထပ်ကျော့ဘောလုံးပြိုင်ပွဲတွင် စတုတ္ထဆုရရှိသည့် လောင်းလုံး Fc အသင်းအား လည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က အမှတ်ပေးထပ်ကျော့ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် နန်းတော်ဦး Fc အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က  ဒုတ်ယဆုရရှိသည့် တလိုင်းတောင် Fc အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ပထမဆုရရှိသည့် Young- Fc အားလည်းကောင်း တစ်ဦးချင်းဆုနှင့်ငွေသားဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းဇော်မြင့်က အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်နန်းတော်ဦး Fc အသင်းအား တစ်ဦးချင်းဆုနှင့်ငွေသားဆုချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမှတ်ပေးထပ်ကျော့ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် Young- Fc အသင်းနှင့် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်နန်းတော်ဦး Fc အသင်းအား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)