တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးစုပေါင်းသွေးလှူဒါန်းနေမှုများကိုကြည့်ရှုအားပေး

ပုသိမ်   နိုဝင်ဘာ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသ (အဂ္ဂ မဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောိတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မာစရိယဒီဃနိကာယပါဠိပါရဂူ)အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများသည် ယမန်နေ့နံနက်ပိုင်းက  သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပုသိမ်မြို့ပြည်သူ့ဆေးရုံ၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင် ပြုလုပ်သည့် (၃၇) နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်၍ စုပေါင်းသွေးလှူဒါန်း နေမှုများကိုကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ (၃၇) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် အရာထမ်း၊ အမှုထမ်း(၃၇)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာရှိ မဟာသကျသီဟကြေးသွန်း ရုပ်ပွားတော်မြတ်ကြီး တန်ဆောင်းတွင်ပြုလုပ်သည့် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မဟာသကျသီဟကြေးသွန်း ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကညင်ငူကျေးရွာအုပ်စုတွင် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် ဧက(၁၀၀၀) စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ဧက(၅၀၀)ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းကိုဆောင်ရွက်ခြင်းကြောင့် ကညင်ငူ ကျေးရွာအုပ်စုတွင်လည်း လျှပ်စစ်မီးလင်းရေးကိုပါဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင်  ကညင်ဆည်ရေအားလျှပ်စစ်စီမံကိန်း (10)MW နှင့် ဆိုလာစနစ်ဖြင့်ဖြင့်  (20)MW လျှပ်စစ်ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အားရရှိပါက မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်၍ တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီးတွင် ပေါ်ဆန်းဖိုရမ်ပြုလုပ်၍ ဧရာဝတီပေါ်ဆန်း အရည်အသွေးကောင်းမွန် ရေးကိုလည်း ဆွေးနွေးဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပသို့တင်ပို့နိုင်ရေး Export Zone အတွင်း  ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ်လွတ် ရေကြည်ပေါ်ဆန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်း အရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဆီဖူလုံရေးအတွက်  နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှော စိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူ ရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း၊ တောင်သူဦးကြီးများ ကလည်း အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ပဲပုပ်ဆီကြိတ်ခွဲထုတ်လုပ်ရန် အတွက် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့်လည်း မိမိတို့ဒေသအတွက် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်းနှင့် ရန်ပုံငွေရရှိမှု အပေါ် ကဏ္ဍတစ်ခုချင်းစီအား အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသခံတောင်သူများဘက်ကလည်း စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တောင်သူများ၏ အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးနေမှု၊ ထွက်ရှိသည့်သီးနှံများ စံချိန်စံညွှန်းအရည်အသွေးပြည့်မီရေး တောင်သူများနှင့်ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ တောင်သူများ၏ စိုက်ဧကများတွင် မြေဆီမြေနှစ်များ ပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းသုံးစွဲရေး ဆောင်ရွက်ပေးနေမှု၊  သီးနှံများ စိုက်ပျိုးရာတွင်  မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည့်အပြင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဖြင့် စိုက်ပျိုးဆောင်ရွက်သွားရန် လိုအပ်မှု၊ ကြဲခင်းစနစ်လျော့နည်းပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးဆောင်ရွက်မှု၊ သီးနှံများနှင့်ပတ်သက်၍ ပိုးသတ်ဆေးသုံးစွဲရာတွင် ပိုးသတ်ဆေး သုံးစွဲရမည့်အညွှန်းများအတိုင်း စနစ်တသုံးစွဲရန် လိုအပ်မှု၊  ဓာတုကင်းလွတ်သီးနှံများ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်များရရှိမှုများကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏သုတေသနအရာရှိ (တာဝန်ခံ)ဒေါ်ဖြူပြာလွင်က  တိုင်းဒေသကြီးအတွင်း စပါး၊ နှမ်း၊ နေကြာသုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းအောင်မြင်အောင် သုတေသနပြုဆောင်ရွက်နိုင်မှုအခြေအနေများ၊ တောင်သူများ၏ စိုက်ဧကများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းသုံးစွဲခြင်းဖြင့် မြေဆီမြေဩဇာများ ပြန်လည်ကောင်းမွန်ရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်မှုကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ယင်းနောက် ဒေသခံပြည်သူများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)