ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့်အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

ပုသိမ်   နိုဝင်ဘာ   ၇

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ ဂုဏ်ပြုပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” ရက်ကန်းအသင်းမှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲတွင် “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု” ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ယခင်နှစ်ပေါင်း များစွာကပင် ရက်ကန်းလုပ်ငန်းများ စည်ပင်ထွန်ကားခဲ့သည့် တိုင်းဒေသကြီးပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများတွင် ယခုကဲ့သို့ တန်ဆောင်မုန်းလ ရောက်သည့်အခါ   မသိုးသင်္ကန်းများရက်လုပ် ပူဇော်မှုများကိုလည်း နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ယခုနှစ် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်းရက်လုပ် ပူဇော်ပြိုင်ပွဲတွင်  တိုင်းဒေသကြီးအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပြိုင်ပွဲပြုလုပ်၍ လူရွေးချယ် စခန်းသွင်း‌လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့်နှစ်ပြိုင်ပွဲများတွင်လည်း အားနည်းချက်များကို အားသာချက်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ယခုကဲ့သို့ “အဖွဲ့လိုက်ချိတ်ဆက် ယှဉ်ပြိုင်မှုအကောင်းဆုံးဆု" ရရှိသည့် တိုင်းဒေသကြီးကိုယ်စားပြု “ရွှေပြည်ဧရာ” အသင်းအား ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ဂုဏ်ပြုခြင်းလည်းဖြစ်ပါကြာင်းနှင့် ယခုထက်ပိုမို၍ အောင်မြင်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။

ထို့နောက် မသိုးရွှေကြာသင်္ကန်းရက်လုပ်ပူဇော်ပြိုင်ပွဲမှရရှိခဲ့သည့် ဆုတံဆိပ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံသို့ တိုင်းဒေသကြီးသာသနာရေးမှူးက အပ်နှံခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အဖွဲ့လိုက်ချိတ်ဆက်ယှဉ်ပြိုင်မှုအကောင်းဆုံးဆုရရှိသည့် ရွှေပြည်ဧရာအသင်းအား ဂုဏ်ပြုဆုငွေ (၂၇)သိန်းအားချီးမြှင့်ခဲ့သည်။ ဆက်လက်၍  ရွှေပြည်ဧရာ အသင်းအုပ်ချုပ်သူ တိုင်းဒေသကြီး သာသနာရေးမှူးက ပြိုင်ပွဲကာလအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားများပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင်များအား လက်ဖက်ရည်၊ မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)