မကွေး နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ မြို့တော်ခန်းမ၌ ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းဟောင်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ခုလိုမင်္ဂလာရှိတဲ့ နိုဝင်ဘာလ ၇ ရက်နေ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ (၃၇)နှစ် မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက် ချီးမြှင့်ရတဲ့အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က(၁၉၈၈ ခုနှစ်၊ နိုဝင်ဘာလ(၇) ရက်နေ့) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၄/၈၈)ဖြင့် “အထွေထွေ ဦးစီးဌာန”ကို “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန”လို့ ပြင်ဆင်သတ်မှတ်၍ ပြန်လည်ဖွဲ့စည်း ကြောင်းကြေညာခဲ့ကြောင်း၊ အဲဒီပြန်လည်ဖွဲ့စည်းခဲ့တဲ့ရက်ကို အစွဲပြုပြီး ဌာနနှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ခဲ့တာဟာ ယနေ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှာ(၃၇)နှစ် ကာလတိုင်ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် ပြောင်းလဲခဲ့ပေမယ့်လည်းအစဉ်အလာကြီးမားခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် အုပ်ချုပ်ရေးကဏ္ဍကို အထောက်အကူပြု ဆောင်ရွက်နေတာဟာ ယနေ့အထိဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအတွက် ပေးအပ်သောတာဝန်ကို ရဲရဲဝံ့ဝံ့စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများကိုလည်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် ခေတ်အဆက်ဆက်မှာ မည်သည့် နိုင်ငံရေးစနစ် ကျင့်သုံးခဲ့သည်ဖြစ်စေ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ခိုင်မာလာအောင် နိုင်ငံတော်၏ အုပ်ချုပ်ရေးစနစ်၊ နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာပျံ့နှံ့ ထိရောက်အောင် အစဉ်အဆက် ထမ်းဆောင်ခဲ့ကြတာကို တွေ့ရှိရပါကြောင်း၊ အဆင့်ဆင့်သော အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အားလုံးသည် အစိုးရအဖွဲ့ရုံး၏ ကြီးလေးသော လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ ရုံးအဖွဲ့များဖြစ်ပြီး အရေးကြီးတဲ့ ဌာနလည်းဖြစ်သည်နှင့်အညီ လူပုဂ္ဂိုလ်လုံခြုံရေး၊ သတင်းလုံခြုံရေး၊ လုံခြုံမှုအဆင့်ရှိတဲ့စာများ ထိန်းသိမ်းရေးနှင့် သတင်းပေါက်ကြားမှု မရှိစေရေးကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ဒီဇင်ဘာလ(၂၈)ရက်တွင် ရွေးကောက်ပွဲများ စတင်ကျင်းပပြုလုပ်တော့မည်ဖြစ်ပြီး ပြည်သူများ လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က ပြန်လည်ဖော်ဆောင်ခိုင်မာစေပြီး ပြည်သူ့လက်ထဲအရောက် အပ်နှင်းတော့မှာဖြစ်ပါကြောင်း၊ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူ့ လုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းလာစေရန် ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အလေးအနက်ထား မှာကြားလိုပါကြောင်း၊ အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့၊- နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ ဆိုတဲ့ဆောင်ပုဒ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိဝန်ထမ်း အဖွဲ့အစည်း၏ ရည်မှန်းချက်များအောင်မြင် ပြီးမြောက်အောင် အစဉ်လေ့လာသင်ယူလျက် နိုင်ငံတော်နှင့် ပြည်သူများကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ပြီး အုပ်ချုပ်ရေးယန္တရား အစဉ်လည်ပတ်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်၍ “ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ ပြည်သူလူထု ယုံကြည်အားထားမှု၊ တန်းတူညီမျှ အားလုံးပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနှင့် အညီဖြစ်စေမှု”ဆိုတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စံ(၆)ရပ်နှင့်အညီ ဆောင်ရွက်သွားကြဖို့နဲ့ နိုင်ငံတော်ကအားထားရတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များအား Vedio Clip ဖြင့် ပြသခဲ့ပြီး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များ၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများ၊ ရုံးလုပ်ငန်းများနှင့် ရုံးအသွင်သဏ္ဍာန်တိုးတက်မှု ဆုရရှိသူများနှင့် ဝန်ထမ်းဝတ်စုံများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး ယာယီတိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ဆုများအား အသီးသီးချီးမြှင့်ပေးအပ်ကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဟောင်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည့်နေ့အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ