ဘားအံမြို့တွင် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ စတင်ကျင်းပ

ဘားအံ နိုဝင်ဘာ ၆

နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၅ နာရီခွဲက ဘားအံမြို့၊ သီရိကွင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုံးအကပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ရိုးရာဒုံးအကသမိုင်းကို ရှင်းလင်းပြောကြားပြီး ယနေ့ကျင်းပသည့် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ (၂၀) ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ဆိုသည့်အတိုင်း အားကြိုးမာန်တက် ကပြယှဉ်ပြိုင်၍ အကဲဖြတ်ဒိုင်များ၏ မှန်ကန်သောအဆုံးအဖြတ်ဖြင့် အဆင့်လိုက်ရမှတ်များကိုလက်ခံကာ အားသွန်ခွန်စိုက် ကြိုးစားပြိုင်ပွဲဝင်ကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ယင်းနောက် ဒုံရင်းတိုက်နယ်ကိုယ်စားပြု လှိုင်ကမ္ဘာကျေးရွာဒုံးအဖွဲ့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြဖျော်ဖြေရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ဒုံးအကပြိုင်ပွဲ ပထမညယှဉ်ပြိုင်မှုကို မွန်းလွဲ ၆ နာရီက ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ ကျင်းပရာ ဒုံးအဖွဲ့ (၁၀) ဖွဲ့က မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများက ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို ဒုံးအဖွဲ့ ၂၀ ဖွဲ့ဖြင့် တစ်ဖွဲ့လျှင် တစ်ရက်ခြား နှစ်ကျော့ယှဉ်ပြိုင်စေပြီး အကောင်းဆုံး ၁၀ ဖွဲ့ကို ရွေးချယ်၍ ထပ်မံယှဉ်ပြိုင်စေကာ တေးသီချင်းဆု၊ ဆုတောင်းတေး (ရာဓညာ)ဆု၊ ဒုံးအကဆုနှင့် ဘက်စုံထူးချွန်ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နှစ် (၇၀) ပြည့် ကရင်ပြည်နယ်နေ့မုခ်ဦး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံပြခန်းများ၊ ဒေသတွင်း MSME ထုတ်ကုန်ပြခန်းများ၊ အရောင်းပြခန်းများကိုလည်းကောင်း၊ ဒုံးအကပြိုင်ပွဲကျင်းပနိုင်ရေး ဒုံးစင်မြင့်အား ပြင်ဆင်ဆောင်ရွက်ထားမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)