သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဟောပြောပွဲ ကျင်းပ

သဲကုန်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာပေးဟောပြောကို ယမန်နေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ယနေ့ကျောင်းသားလူငယ်များ အမျိုးသားအောင်ပွဲနေ့အပါအဝင် နေ့ထူးနေ့မြတ်များအား အစဥ်သတိရ မြတ်နိုးလေးစားတန်ဖိုးထားတတ်စေရန်၊ စာပေဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတ တိုးပွားရရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများက မိမိတို့လေ့ကျင့်ထားသော ကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရဆုလက်ဆောင်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ကျောင်းသား/ ကျောင်းသူများအား မုန့်များ ဝေငှပေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်၊ စာစောင်များနှင့် အမျိုးသားအောင်ပွဲနေ့ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များအား အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)