ငဖဲ နိုဝင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်းက ဇီးတောကျေးရွာအုပ်စုမှ တောင်သူ ၃၁ ဦးအား စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း ၁၆၀ ကို စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီးရရှိစေရေးနှင့် ဆောင်းသီးနှံများ အချိန်မီစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူများ လူမှုစီးပွားဘဝအဆင်ပြေစေရန်ရည်ရွယ်၍ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိကြောင်း၊ ယခင်နှစ် ဆောင်းသီးနှံချေးငွေ အရင်း၊ အတိုး ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာက ပြောကြားသည်။
ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေးအတွက် ကျေးရွာအုပ်စု ၈ အုပ်စုမှ တောင်သူများအား ချေးငွေကျပ်သိန်းပေါင်း ၂၀၀၀ ကိုထုတ်ချေးပေးရန်လျာထားပြီး အခြားသီးနှံစိုက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ဇီးတောကျေးရွာအုပ်စုမှ တောင်သူ ၃၁ ဦး၏ ကုလားပဲ ၅၂ ဧက၊ ပဲတီစိမ်း ၈၅ ဧက နှင့် မြေပဲ ၂၃ ဧက စုစုပေါင်း စိုက်ဧက ၁၆၀ အတွက် ချေးငွေကျပ်သိန်း ၁၆၀ ကို စတင်ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိသည့်ကျေးရွာအုပ်စုများမှ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များကို သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)